မြန်အောင် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနီး မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့် ရှုစစ်ဆေးရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးအောင်လင်းက တာတမံအခြေအနေနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဥိးစီးဌာန အစည်းဝေးခန်းမတွင် မြန်အောင်မြို့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်းနှင်းရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် View Point ရှိ ဆီထွက်သီးနှံ (ဆောင်းနေကြာ) စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအားကြည့်ရှု့၍ ကောင်းသန့်ဆီစက်တွင် ပဲပုပ်ဆီ ကြိတ်နေမှုအား ကြည့်ရှုခဲ့ကြသည်။ ယင်းနောက်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြန်အောင်မြို့ သဘာဝဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမှုအခြေအနေနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်း ဆီထွက်သီးနှံ(ဆောင်းနေကြာ) အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုအားပေး၍ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)