မြဝတီမြို့၌ အခြေခံပညာကျောင်းများမှ KG တန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေး

မြဝတီ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.ကခွဲ(၁)နှင့် အ.လ.က(၁)ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာမျိုးသန့်ဇင်နှင့် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့၏ဦးဆောင်ကြီးကြပ်မှုဖြင့်    ဒုတိယမြို့နယ် ပညာရေးမှူး(ပညာ) ဦးဇေယျာအောင်နှင့်ကျန်းမာရေးဝန်ထမ်းများက KG  တန်း ကလေးငယ်များဖြစ်သည့် အ.ထ.က(၁)မှ ၁၇၃ ဦး၊ အ.ထ.က(၂)မှ ၈၄ ဦး၊ အ.ထ.က(၃) ၁၈၇ ဦး၊ အ.ထ.ကခွဲ(၁)၁၆၈ဦးနှင့် အ.လ.က(၁) ၁၃၁ ဦး တို့၏ အာဟာရပြည့်ဝသည့် နေ့လည်စာ စားသုံးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။

ထိုသို့ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို မြဝတီမြို့နယ်အတွင်းရှိကျန်ရှိသည့် အခြေခံပညာကျောင်းများမှ KG တန်းကလေးငယ်များအား ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၇ ရက်နေ့တို့တွင်  ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)