မြဝတီ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြဝတီခရိုင် ဥပဒေအရာရှိ ဦးစောစံဝင်းက အဖွင့်အမှာစကားပြောကြားပေးပြီး အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(မြဝတီ)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး သက်ဇော်ထွန်းက လူကုန်ကူးမှု ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းများ၊ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်းခြားနားချက်၊ လူမှုမီဒီယာများမှ တစ်ဆင့်လိမ်လည်၍ လူကုန်ကူးခြင်းများ ရှိနေခြင်းကြောင့် လူကုန်ကူးမှုမခံရစေရန်သတိပြုဆင်ခြင်ရမည့် အချက်များ၊ လူကုန်ကူးခြင်းမှ ခေါင်းပုံဖြတ်ခံရမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်း ဖြစ်ပွားမှုများ၊ လူကုန်ကူးမှု ဥပေဒေအရသတ်မှတ်ထားသော ပြစ်မှုပြစ်ဒဏ်များနှင့် လူကုန်ကူးမှုခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များကို ဟောပြောပေးသည်။
ထို့နောက် မြဝတီခရိုင် ဥပဒေအရာရှိ ဦးစောစံဝင်းက နိဂုံးချုပ်အမှာစကား ပြန်လည်ပြောကြားပေးပြီး အခမ်းအနားသို့ တက်ရောက်ကြသည့် မြဝတီခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက်၊ မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုးခန်းလုပ်ငန်းရှင်များ၊ မော်တော်ယာဉ်လိုင်းတာဝန်ခံများ၊ သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှ စီးပွားရေးလုပ်ငန်းတာဝန်ခံများနှင့် ရပ်ကွက်ပြည်သူများအား လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)