ဖြူး ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အိမ်အသုံးအဆောင် ဝါးထရံယက်လုပ် ရောင်းချပေးသည့်လုပ်ငန်းမှာ စျေးကွက်ဝင် တွင်ကျယ်စွာရောင်းချနေလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ဝါးထရံယက်လုပ်မှုမှာ ဝါးမျိုးစုံ ရောင်းချသည့် လုပ်ငန်းများဖြင့် တွဲလုပ်လေ့ရှိပြီး အိမ်များ၊ စျေးဆိုင်ခန်းများ အခြားလိုအပ်သည့်နေရာများတွင် အသင့်သုံးနိုင်သည့် ဝါးထရံများမှာပိုမိုဝယ်ယူသူများကြောင်း ဝါးထရံယက်လုပ်သူများထံမှ သိရသည်။
အဓိကဝါးထရံယက်လုပ်ရသည့် ဝါးများမှာကြက်သောင်းဝါး၊ တင်းဝါးများဖြစ်ကြောင်းနှင့် စျေးကွက်အရယက်လုပ်ရောင်းချရသည့် စျေးနှုန်းများမှာ တင်းဝါး ၆ လုံးကုန်သည့် အလျား ၁၀ တောင်၊ အနံ ၄ တောင်ရှိ ဝါးထရံအပါးတစ်ချပ်လျှင် ၁၈၀၀၀ ကျပ်၊ အထူတစ်ချပ်လျှင် ၃၆၀၀၀ ကျပ်ရောင်းချရကြောင်း၊ တင်းဝါးတစ်လုံးလျှင် ၁၅၀၀ ကျပ်အရင်းရှိပြီး ယက်လုပ်သူများကို ငှားရမ်း၍ တစ်ရက်လျှင် ဝါးထရံ ၉ ချပ်မှ ၁၀ ချပ်အထိ ယက်လုပ်နိုင်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)