ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခွန်လွတ်သာသနာ့မြေဂရန် ဆက်ကပ်လှူဒါန်း

ဘားအံ ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော အခွန်လွတ်သာသနာ့မြေဂရန် ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ခွယ်ကဘောင်ပညာ ဥယျာဉ်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများနှင့်ဝမ်းမြောက်စကားတို့ကို လျှောက်ထားတင်ပြပြီး ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ သာသနာ့ဟိတဓရကြာအင်းကျောင်း အခွန်လွတ်သာသနာ့မြေဂရန် (၀ ဒဿမ ၈၁၉) ဧကအား ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဣန္ဒာစာရထံသို့လည်းကောင်း၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း အခွန်လွတ်သာသနာမြေ (၂ဒဿမ၂၀) ဧကအား ကျောင်းထိုင်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသထံသို့လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ကြွရောက်ချီးမြှင့်တော်မူသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားသောက် ကုန် (ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်) ချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဝန်ထမ်းများအတွက် စုစုပေါင်းငွေကျပ် ၁၄၈၁၁၁၅၀ (တစ်ရာလေးဆယ်ရှစ်သိန်းတစ်သောင်း တစ်ထောင်တစ်ရာ့ငါးဆယ်ကျပ်) တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥ ခေါက်ဆွဲခြောက်များကို ချီးမြှင့်ပေးအပ်ကာ ဝန်ထမ်းများကိုယ်စား ညွှန်ကြားရေးမှူးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)