မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်များ ရရှိအောင်စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ ၂၄

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီဝင်များ၊ အားကစားဝါသနာရှင်များနှင့် အားကစားနည်းအလိုက် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်သည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရွှေတံဆိပ်ဆုရ ဗိုဗီနမ် အသင်းမှ သရုပ်ပြသပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးဂုဏ်ကို အားကစားဖြင့် ဖော်ဆောင်နိုင်ခဲ့သည့်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီး၏ အဓိကအားကစားနည်းများဖြစ်တဲ့ ပြေးခုန်ပစ်၊ အလေးမ၊ ကာယဗလ၊ မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ ဝူရှူးစသည့် အားကစားနည်းများမှ ဆုတံဆိပ်များရရှိခဲ့တာကို တွေ့ရှိခဲ့ရပြီး (Martial) အားကစားနည်းများမှ ရွှေတံဆိပ် (၈) ခုအထိ ရယူပေးနိုင်ခဲ့တာကိုလည်း တွေ့ရှိရသည့်အတွက်လည်း များစွာဂုဏ်ယူပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် Synthetic ကွင်းကြီး တည်ဆောက်ပြီးစီးနေပြီဖြစ်သည့်အတွက် နောင်လာမည့်နှစ်များတွင် မကွေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ် ပြေးခုန်ပစ်ကစားသမား များစွာပေါ်ထွက်လာမည်ကိုလည်း ယုံကြည်မိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း အောင်ပွဲရအားကစားသမားများကို အောင်မြင်မှုနှင့် ထိုက်တန်တဲ့ ဂုဏ်ပြုပွဲတွေပြုလုပ်ပေးခြင်းအားဖြင့် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး အားကစားသမားများ၏ ဘဝတစ်သက်တာနောင်ရေး ခိုင်မာစေရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ယခုပွဲတော်တွင် အောင်မြင်မှုရရှိခဲ့ကြသည့် အားကစားသမားများအနေဖြင့် ယခုရရှိခဲ့သည့် အောင်မြင်မှုများသည် မိမိတို့ဘဝအတွက် လှေကားထစ်တစ်ခုသာဖြစ်သည့်အတွက် ဆက်လက်ကြိုးစားပြီး မိမိတို့ရှေ့ဆက်ရမည့် ရည်မှန်းချက်ပန်းတိုင်များဆီသို့ ရောက်အောင် ဆက်လက်ကြိုးစားရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင် ဆုရရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရွှေတံဆိပ်ဆုရ ဝူရှူးအသင်းမှ ပြန်လည်သရုပ်ပြသခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရ ကစားသမား(၇၃)ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၂၃၃)သိန်းကို လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က တိုင်းဒေသကြီး ဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြ(၄၄)ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၁၁၁)သိန်းကို လည်းကောင်း  အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ကျောင်းသူလေးများက Physical Fitness Dance ဖြင့် ပြန်လည်သရုပ်ပြသခဲ့ပြီး ဆုရကစားသမားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က Physical Fitness Dance ဖြင့် ပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ ပြန်လည်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပဉ္စမအမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲကို အားကစားနည်း(၂၃)နည်းဖြင့် ကျင်းပယှဉ်ပြိုင်ခဲ့ရာ မကွေးတိုင်းဒေသကြီးအနေဖြင့် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် (၃) ခု၊ ငွေတံဆိပ် (၃)၊ ကြေးတံဆိပ်(၄) ခု၊ အလေးမအားကစားနည်းမှ ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၃) ခု၊ ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ် (၁) ခု၊ ဝူရှူးအားကစား နည်းမှ ရွှေတံဆိပ် (၂) ခု၊ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၂) ခု၊ မြန်မာ့သိုင်းအားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၂) ခု၊ ဂျူဒိုအားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁) ခု၊ လက်ဝှေ့အားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ကာယဗလအားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ကရာတေး အားကစား နည်းမှ ရွှေတံဆိပ် (၁) ခု၊ ရေကူးအားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၃) ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ် (၂) ခု၊ တိုက်ကွမ်ဒို အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊စားပွဲတင်တင်းနစ် အားကစားနည်းမှ ကြေးတံဆိပ် (၁) ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ကြေးတံဆိပ် (၁) ခု၊စုစုပေါင်း ရွှေတံဆိပ် (၁၄) ခု၊ ငွေတံဆိပ် (၁၃) ခု၊ ကြေးတံဆိပ် (၂၀) ခုဖြင့် အဆင့် (၈) နေရာရရှိခဲ့ကြောင်း သိရသည်။

မောင်ညီညာ