ကလေး၊ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ကျောင်းသူများ၏ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတွာလ်ဆွင်းဗန်က လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများဖြင့် အချိန်ကို အကျိုးရှိစွာအသုံးပြု၍ စဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့် လူငယ်စကားဝိုင်းကျင်းခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က ဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ Grade-11 မှ မောင်လားရိုဒိန်းငါက လူငယ်နှင့်အင်တာနက်၊ Grade-10 မှ မောင်ရှန်းလောင်လမ်က လူငယ်နှင့်ခေါင်းဆောင်မှု၊ Grade-8 မှ မချောရတီဦးက လူငယ်နှင့်စာရိတ္တ၊Grade-7 မှ မညောင်လော့ကျိန်က လူငယ်နှင့် အားကစား၊Grade-6 မှမောင်ရဟန်သင်ကပ်က လူငယ်နှင့်အားကစား၊ Grade-5 မှ မအေမီလင်းက လူငယ်နှင့်မူးယစ်ဆေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)