စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဇန်နဝါရီ ၂၄

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီလ၌ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင် ပွဲတွင် မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်/ ပြသ/ ရောင်းချမည့် တာဝန်ရှိသူအားလုံးနေဖြင့် မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား တာဝန်ခံမှု၊ တာဝန်ယူမှုစိတ်ဖြင့် ကျေပွန်စွာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ တိုင်းရင်းသားရိုး ရာအစားအစာများနှင့် အဝတ်အထည်များအား လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ စုံလင်စွာ ပြသ/ရောင်းချသွားကြရန် လိုအပ်ပါကြောင်း၊ လိုက်ပါဆောင်ရွက်ကြမည့် တာဝန်ရှိသူများ အနေဖြင့်လည်း ယခင်နှစ်များမှ အတွေ့အကြုံကောင်းများအားရယူကာ ယခုနှစ်ပြပွဲနှင့် ပြိုင်ပွဲများတွင်လည်း အောင်မြင်အောင် ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသသွားမည့် တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက်ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာအစားအစာများ၊ ငွေထည်/ကြေးထည်နှင့် အဝတ်အထည်များ ပြသရောင်းချသွားမည့် အခြေအနေများနှင့်ပတ်သက်၍ မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသသွားမည့် အခြေအနေ များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။     

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)