မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ငလျင်ဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ငလျင်ဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မကွေးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင် လေ့ကျင့်ကြသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်းနှင့် ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ပါက ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းဖြင့်မဟုတ်ဘဲ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များတွင် ငလျင်ဘေးအန္တရာယ်သည် အဖျက်စွမ်းအား လွန်စွာကြီးမားပြီး ကြိုတင်ခန့်မှန်း နိုင်ခြင်းမရှိဘဲ အချိန်မရွေး ဖြစ်ပွားနိုင်ကာ ပျက်စီးဆုံးရှုံးမှု ကြီးမားကာ နောက်ဆက်တွဲဘေးများလည်း ရှိသောကြောင့် အားလုံးဂရုပြုပြီး ကြိုတင်ပြင်ဆင်ရမည် ဖြစ်သည့်အပြင် သဘာဝဘေး လျော့ပါးရေးအတွက် ကြိုတင်ကာကွယ်ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထုထံသို့ အသိပညာပေး ဆောင်ရွက်ခြင်းမှာ အလွန်အရေးကြီးပြီး ပြည်သူလူထုအနေဖြင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပါက ဆုံးရှုံးမှုများ လျော့နည်းမည်ဖြစ်ပါကြောင်း၊ ယခုလို လက်တွေ့ ပူးပေါင်းလေ့ကျင့်ခြင်းဖြင့် ဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ရပါက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို သိရှိပြီး ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ငလျင်ဘေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်းအကြောင်း အချက်ပေးခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူများမှ ဝပ်၊ ကာ၊ ကိုင် ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှု ငြိမ်သက်ပါက အဆောင်အဦးနှင့် လွတ်ကင်းရာ ကွင်းပြင် နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြုစုခြင်း သရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှု သရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့် သရုပ်ပြသမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ