အိမ်မဲ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှလေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့်နေအိမ်များအား အားဖြည့်မွမ်းမံဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဇင်ဝင်းမော်က လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများကို အကျယ်တဝင့်ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများတက်ရောက်ခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများ ကံစုကျေးရွာမှကြံခိုင်မှုမရှိသောအိမ် အလုံး (၂၀)အား တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်း (၆၃၀၀၀)ကျပ်တန်ဖိုးရှိ ပစ္စည်းများပေးအပ်ပြီးပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြသည်။
“ကျွန်မတို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ အိမ်မဲမြို့နယ်အတွင်း တကောကျေးရွာအုပ်စု၊ ကံစု ကျေးရွာမှာရှိိတဲ့ အိမ်ခြေစုစုပေါင်း (၂၀)ကိုဆောင်ရွက်ပေးမှာပါ။ ဆောင်ရွက်ပေးတဲ့နေရာမှာ အမျိုးသမီးသက်ကြီး ရွယ်အို၊ မသန်စွမ်း၊ ဆင်းရဲနွမ်းပါးပြီး လူဦးရေများတဲ့အိမ်ထောင်စုမှာရှိတဲ့ နေအိမ်များကိုရွေးချယ် ပြီး လေပြင်း ဘေးအန္တရာယ်ကြိတြင်ကာကွယ်ရေးအား ဖြည့်မွမ်းမံပြင်ဆင်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လေပြင်းဘေးကြိုတင်ကာကွယ် ဆောင်ရွက်ရတဲ့အကြောင်းအရင်း (၃)ချက်ရှိပါတယ်။ နွေရာသီနှောင်းပိုင်းကာလနဲ့ မိုးရာသီကာလတွေမှာ ကြုံတွေ့ရနိုင်တဲ့လေပြင်းဘေးတိုက်ခိုက်မှုကြောင့် အိုး၊ အိမ်တွေထိခိုက်ပျက်စီးမှုကိုလျော့နည်း သက်သာစေဖို့၊ လေပြင်းဘေးအန္တရာယ်ကို ပြည်သူလူထုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာဗဟုသုတရရှိစေဖို့၊ ပရဟိတအဖွဲ့အစည်းတွေ၊ ကြက်ခြေနီအဖွဲ့အစည်းတွေ ရပ်ရွာလူထုတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတုန့်ပြန် ဆောင်ရွက်တဲ့နေရာမှာစနစ်တကျပူးပေါင်း ဆောင်ရွက်တဲ့အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်လို့” ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ် ဇင်ဝင်းမော်ပြောကြားချက်အရသိရသည်။
“အခုလိုမျိုးကျွန်တော်တို့ရဲ့ အိမ်တွေကို လာရောက်အားဖြည့် ဆောင်ရွက်ပေးတဲ့အပေါ်ဘယ်လိုခံစားရလဲ ဆိုတော့ ခံစားချက်ကို ပြောပြလို့မရအောင်ပဲကြည်နူးရပါတယ်။ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဘေး အန္တရာယ် ဆိုင်ရာကြိုတင်ဆိုတဲ့ စကားလုံးလေးပါတဲ့အတွက်မဖြစ်ခင်ကကြိုတင် တားဆီးကာကွယ်ပေးတဲ့ သက်ဆိုင်ရာအဖွဲ့အစည်း လူကယ်ပြန် အဖွဲ့အစည်း၊ အစိုးရနဲ့ ဝန်ထမ်းတွေအားလုံးကို ဖော်မပြနိုင် လောက်အောင်ကျေးဇူးတင်မိပါ တယ်” လို့ ကံစုကျေးရွာမှ ရွာသားကိုထွန်းထွန်းကပြောသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)