ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆီစက်များသို့ ကွင်းဆင်းစစ်ဆေး

ချောက် ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ချောက်​မြို့နယ်အတွင်းရှိ ဆီစက်များမှ ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ်​ဆောင်ရွက်သွားနိုင်​ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရှိ ဆီစက်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆီစက်လုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ ဆီစက်များ အမှန်တကယ်လည်ပတ်ခြင်း ရှိ/မရှိ၊ ဈေးနှုန်း/ဈေးကွက်တို့အား မေးမြန်း ဆွေးနွေးခြင်း၊ စားသုံးဆီ ထုတ်လုပ်ရောင်းချရာတွင် ကုန်ကြမ်းမှကုန်ချောသို့ ရောက်ရှိပုံ အဆင့်ဆင့်အခြေအနေများ၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်သို့ ရောင်းချရာတွင်  သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှုနှင့် ကုန်စည်အပေါ် အာမခံချက်ပေးထားခြင်းများအတွက် ဆွေးနွေးခဲ့ပြီးနောက် ဆီထုတ်လုပ်နေမှုနှင့် ထုတ်ပိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ချောက်မြို့ပေါ်ရှိ ဆီစက်များတွင် လက်ရှိ ၂၄ နာရီလျှင် ကုန်ကြမ်းမြေပဲ (၇၅၀) ပိဿာခန့် အသုံးပြုပြီး ကုန်ချောမြေပဲဆီ (၄၀၀) ပိဿာခန့်ထွက်ရှိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း‌၊ စားသုံးသူပြည်သူများ လူတန်းစားမရွေး စားသုံးနိုင်ရန် မြေပဲဆုံဆီများ ကို တစ်ပိဿာ (၁၅,၀၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)