စေတုတ္တရာ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က စေတုတ္တရာမြို့ပေါ်ရှိ ရွာသစ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက်၏ ကြီးကြပ်ကွပ်ကဲမှုဖြစ် မီးသတ်တပ်ဖွဲ့ဝင်တို့မှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေနိုင်စေရေးအတွက် မိမိတို့နေအိမ်တွင် မလိုအပ်ဘဲ မီးများအသုံးမပြုရန်၊ မိမိအိမ်တွင်ရှိသော လျှပ်စစ်ပစ္စည်းများ စဉ်ဆက်မပြတ် အမြဲတမ်းကြည့်ရှုစစ်ဆေးရန်၊ နေအိမ်၌ မီးချိတ်၊ မီးကပ်၊ ရေပုံးများထားရှိရန်နှင့် မီးသတ်ဆေးဘူးများ ဆောင်ထားရန်စသော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရန် အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို စေတုတ္တရာ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရပ်ကွက်/ကျေးရွာများသို့ မီးဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)