ငပုတော ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲလင်းထွန်း၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များက ငပုတောမြို့မဈေးအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့်လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီ အကြောင်းကြားရေး အသိပေးပြောကြားခဲ့သည်။
ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများကိုလည်း ယခုကဲ့သို့ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အောင်သူ(ပြန်/ဆက်)