ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီး

ငဖဲ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်ဦးကျေးရွာအုပ်စုမှ တောင်သူ (၁၀၁)ဦးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးခဲ့ပြီး ယနေ့ထိ ချေးငွေပေါင်း (၁၈၂၃.၅၀) သိန်းကို အပြီးသတ် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီ ရရှိပြီး သီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်၍ တောင်သူများ လူမှုစီးပွားဘဝ အဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ် ဆောင်းသီးနှံချေးငွေ အရင်း၊ အတိုး ပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်သန်းသန်းဆင့်က ဆွေးနွေးပြောကြားခဲ့သည်။

ငဖဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု (၈)အုပ်စုမှ တောင်သူများအား ချေးငွေ ကျပ်သိန်းပေါင်း  (၂၁၀၀) အား ထုတ်ချေးပေးရန် လျာထားပြီး  စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ပင်ဦးကျေးရွာအုပ်စုမှ တောင်သူ (၁၀၁)ဦး၏ စပါးစိုက်ဧက (၆၈)ဧကနှင့် အခြားသီးနှံစိုက်ဧက (၃၀၀) စုစုပေါင်း စိုက်ဧက (၃၆၈)ဧကအတွက် ချေးငွေ ကျပ် (၄၀၂)သိန်းကို ထုတ်ချေးပေးခဲ့သည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးမည့် စပါးနှင့် အခြားသီးနှံများ စိုက်ဧက (၁၇၂၃)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းငွေကျပ် (၁၈၂၃.၅၀)သိန်းကို ဒေသခံတောင်သူများအား ထုတ်ချေးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။      

မယု(ငဖဲ)