စစ်ကိုင်း ဇန်နဝါရီ ၂၄
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အားလုံးပူးပေါင်းပါဝင်ပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထက်အောင်က သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်းရေးအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေဇင်စိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးချုပ်ရုံးမှ ပေးပို့လာသော မီးခိုးမြူငွေ့လျှော့ချရေးနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ PM2.5 အကြောင်း အသိပညာပေး Video Clip ကိုပြသခဲ့သည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ဒုတိယပါမောက္ခချုပ်ထံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာများလက်စွဲစာအုပ်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်းကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နေလင်းအောင် (ပြန်/ဆက်)