အထက်မင်းလှ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြောက်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ အ.မ.က(၆)၊ မယ်ဇလီတောကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက KG တန်းကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းတွင်း အာဟာရကျွေးခြင်းကို မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၅) ကျောင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး KG တန်း ကျောင်းသား/သူ (၁၆၈၂)ဦးအား ကျောင်းတွင်းအာဟာရကျွေးခြင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ မင်းလှမြို့နယ်၌ ကျောင်းတွင်း အာဟာရကျွေးခြင်းကို ယခု ပထမအကြိမ်အပါအဝင် ဇန်နဝါရီလအတွင်း နှစ်ကြိမ်နှင့် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)