တောင်တွင်းကြီးမြို့နယ်မှ တစ်နိုင်တစ်ပိုင် ဝါးခြင်းတောင်းရက်လုပ်ခြင်း လုပ်ငန်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေ

တောင်တွင်းကြီး ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ၊ မိရိုးဖလာ နှီးဝါးလုပ်ငန်း လုပ်ကိုင်ကြသူများအနေဖြင့် ဝါးထရံ၊ ဝါးဖျာ၊ ဝါးခမောက်၊ ဝါးကုလားထိုင်၊ ဝါးခြင်းတောင်းအမျိုးမျိုး ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဝါးခြင်းတောင်းရက်လုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သည့်ဝါးကို တောင်တွင်းကြီးမြို့ပေါ်ရှိ ဝါးဆိုင်များမှ အလွယ်တကူဝယ်ယူရရှိပြီး ဝါးတစ်လုံးကို ကျပ် (၂၀၀၀) ဝန်းကျင်ခန့် ပေးဝယ် ယူရပါသည်။ တောင်းရက်လုပ်ပြီးစီးမှုအနေဖြင့် တစ်နေ့လျှင် တောင်းအသေး (၄) လုံး၊ တောင်းအလတ် (၃) လုံး၊ အကြီး (၂) လုံး ရက်လုပ်ပြီးစီးပြီး ပုတ်တစ်လုံးကို တနေ့ကုန် ရက်လုပ်ရသည်ဟု သိရသည်။

ဝါးတစ်လုံးကို လိုအပ်သလိုခွဲခြမ်းစိတ်ဖျာ၍ တောင်းရက်လုပ်ရာမှာ တောင်းအသေး (၃) လုံး၊ အလတ် (၂) လုံး၊ အကြီး (၁) လုံးရရှိပြီး ပုတ်တစ်လုံးရရှိဖို့ ဝါးသုံးလုံးခန့် အသုံးပြုရပါသည်။ ဈေးနှုန်းအနေဖြင့် တောင်းအသေး (၁) လုံးကို ကျပ်(၅,၅၀၀)၊ တောင်းအလတ် (၁) လုံးကို ကျပ်(၈,၀၀၀)၊ တောင်းအကြီး (၁) လုံးကို ကျပ် (၁၀,၀၀၀)၊ ပုတ်အသေး (၁) လုံးကို ကျပ်(၂၀,၀၀၀)၊ ပုတ်အလတ် (၁) လုံးကို ကျပ် (၂၂,၀၀၀)၊ ပုတ်အကြီး (၁) လုံးကို ကျပ်(၂၅,၀၀၀)၊ တင်း (၅၀) ဝင်ပုတ်ကြီး (၆၀,၀၀၀) ဖြင့် ရက်လုပ်ပေးရကြောင်း ဝါးခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်သည့် ဦးနိုင်ဦးထံမှ သိရသည်။

ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် ဝါကြိတ်ဖတ်လုပ်ငန်းရှင် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဓိကအသုံးပြုပြီး ယခုကာလမှာ စပါးသီးနှံပေါ်ချိန်ဖြစ်သည့်အတွက် တောင်းများ၊ ပုတ်များအား အော်ဒါမှာယူမှုများ ဆက်တိုက်ရှိနေပြီး လက်မလည်အောင် ဆောင်ရွက်နေရကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)