တနင်္သာရီ ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် လူငယ်စကားဝိုင်းနှင့် သုတ/ရသစာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ကျင်းပခဲ့သည်။
ပထမဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ) ဒေါ်သင်းစံပယ်ဖြူက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ-ထ-က တနင်္သာရီ Grade-10 မှ မောင်ကောင်းထက်ကျော်က “လူငယ်နှင့် စာဖတ်ခြင်းအကျိုး”၊ Grade-10 မှ မခင်ဇာလှိုင်က “လူငယ်နှင့်လူမှုကွန်ရက်”၊ Grade-9 မှ မောင်လွင်မင်းပိုင်က “လူငယ်နှင့်အကျင့်စာရိတ္တ”နှင့် Grade-9 မှ မနွေးပပစံက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးစိတ်ဝင်စားဖွယ် ပါဝင်ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ခေါင်းစဉ်အလိုက်ဆွေးနွေးပေးကြသည့် ကျောင်းသူ/သားများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်း၊ မြို့နယ်ပညာရေးမှူးနှင့် အထက-တနင်္သာရီကျောင်းအုပ်ဆရာကြီး တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပေးကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာဖတ်ရှုကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)