မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းဆောင်ရွက်

မြောင်းမြ ဇန်နဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာ့ဆက်သွယ်ရေး(MPT)ရုံး၌ မီးဘေးလုံခြုံရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးလုံခြုံရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအား မြောင်းမြမြို့နယ် မီးသတ်စခန်း ဒုမီးသတ်ဦးစီးမှူး ဦးမင်းလွင် ဦးဆောင်သောတပ်ဖွဲ့ဝင်များက သရုပ်ပြသခြင်းနှင့် မြန်မာ့ဆက်သွယ်ရေး(MPT)ရုံးမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ခင်သန္တာထွန်းနှင့်ဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားပါက အရေးကြီးစာရွက် စာတမ်းများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် မိန်းခလုတ်များပိတ်ခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ မီးဘေးအန္တရာယ်စိုးရိမ်ရသည့်လုပ်ငန်းများတွင် စစ်ဆေးအကြံပေးခြင်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများအား အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)