ရေနံချောင်း ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့နယ်အတွင်း မီးလောင်မှု မီးလန့်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်စစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့မဈေးကြီးနှင့် မြို့မတောင်ရပ်ကွက်တို့တွင် မီးဘေးစစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးကြီးရှိ အလုပ်ရုံ၊ ပွဲရုံများနှင့် မြို့မတောင်ရပ်ကွက်ရှိ လူနေအိမ်များတွင် အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများဟောင်းနွမ်းဆွေးမြေ့မှု ရှိ မရှိ၊ မီးပလတ်ခုံများ ကောင်းမွန်မှုရှိ မရှိ၊ အရေးပေါ်မီးငြိမ်းသတ်နိုင်သည့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိမှု ရှိ မရှိ၊ မီးလောင်လွယ်သည့် ကုန်ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှု ရှိ မရှိ စစ်ဆေးကာ မီးလောင်မှု မီးလန့်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီဆက်သွယ်အကြောင်းကြားနိုင်ရန် ဖုန်းနံပါတ်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ မီးသတိမူရေး အသံချဲ့စက်ဖြင့် လှည့်လည်သတိပေးနှိုးဆော်ခြင်းကို ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက်၊ မြေနီခင်မြောက်ရပ်ကွက်၊ လက်မှတ်ကုန်းရပ်၊ မြို့မတောင်ရပ်ကွက်နှင့် မြို့မမြောက်ရပ်ကွက်တို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်