မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းမှ KG ကလေးများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်း (School Meal) ဖွင့်ပွဲအခမ်းအနားကို (၁၄)လမ်း အ.မ.က ကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာစန်းဝင်းတို့က ကျောင်းတွင်းအာဟာရ ကျွေးမွေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး(၁၄)လမ်း အ.မ.က ကျောင်းမှ KG ကျောင်းသား/ သူလေးများ အစားအစာ စားသုံးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အေ(၉)လမ်း အ.မ.က ကျောင်းများမှ KG ကျောင်းသား/ သူလေးများ ကျောင်းတွင်း အာဟာရကျွေးမွေးနေမှုများ ဆက်လက်ကြည့်ရှုအားပေးခဲ့ကြသည်။

မော်လမြိုင်ကျွန်း မြို့နယ်အတွင်း အခြေခံပညာကျောင်း(၃၇၇)ကျောင်းရှိ ကျောင်းသား ကျောင်းသူပေါင်း (၅၁၉၈)ဦးအား နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူအားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ဤအစီအစဉ်ကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ ဆက်)