နတ်တလင်း ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦးမှ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် နွေစပါးလျာထားဧက ထက်ကျော်လွန်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ မတ်ပဲများ အချိန်မီရိတ်သိမ်းနိုင်ရေး၊ မွေးမြူရေးကဏ္ဍတွင် အသား၊ ငါးများတိုးချဲ့ မွေးမြူနိုင်စေရေးနှင့် စီးပွားဖြစ်မွေးမြူနိုင်ရေး၊ ဒေသတွင်းကုန်စျေးနှုန်းကျဆင်းရေး၊ မြို့/ရွာလုံခြုံရေးကို အလေးထားဆောင်ရွက်ရန်နှင့် မြို့ရွာသန့်ရှင်းသာယာလှပစေရေးကို ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)