တောင်ငူမြို့၊ ကသဲစုအခြေခံပညာအလယ်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

တောင်ငူ ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များအသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ ကသဲစုအခြေခံပညာအလယ်တန်းကျောင်းခွဲသို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယဉာဏ စွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာ ကဗျာရွတ်ခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်းနှင့် ကိုယ်လက်လှုပ်ရှား ဆောင်ရွက်ခြင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အတူတကွ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်  စာအုပ်စာစောင်များငှားရမ်းဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)