ရေတာရှည် ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့နယ်အတွင်းရှိ Rain KTV နှင့် အမေ့ရင်ခွင် KTV တို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြုမှုများကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းထက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသုံးစွဲမှုအခြေအနေနှင့် မီးစနစ်တကျသုံးစွဲမှု ရှိ/မရှိကို လိုက်လံစစ်ဆေးပြီး မီးဘေးအန္တရာယ်နှင့် ပတ်သက်သည်များ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ မီးလောင်မှု ဖြစ်ပေါ်လာလျှင် မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးဘေးကြောင့် ထိခိုက်မိသူများအား အရေးပေါ်ကုသမှုပြုလုပ်ခြင်း၊ အရေးပေါ်ယာဉ်ဖြင့် စနစ်တကျ သယ်ယူခြင်းတို့ကို သရုပ်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်း အသိပညာများကိုရရှိခဲ့ပြီး မီးဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြမှုများကို စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)