ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချ

ပုသိမ် ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရောင်းချပေးခဲ့သည်။

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများထုတ်ပေးပြီး အခြေခံ စားသောက်ကုန်များကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းကာ တစ်ဦးလျှင် ဆန်တစ်ပြည် ၃၃၀၀ ကျပ်၊ ကြက်ဥ ၁ လုံး ၃၇၀ကျပ်နှုန်း တို့ဖြင့် ဆန် (၅) အိတ်နှင့်ကြက်ဥ (၆၀၀) လုံး ရောင်းချပေးခဲ့သည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပုသိမ်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၁၂၇၉) ဦးရှိကြောင်း သိရသည်။

ကျော်ဟိန်း (ပြန်/ဆက်)