မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မိုးညို ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာ‌ဈေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က လိုက်လံကြည့်ရှုစစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မှူးရုံးတို့မှ တာဝန်ရှိသူများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့နယ်စည်ပင်သာယာစျေးအတွင်း တပ်ဆင်ထားသည့် လုံခြုံရေးမီးလိုင်းများ၊ ဝါယာကြိုးများပေါက်ပြဲမှု ရှိ၊ မရှိ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ပြင်ဆင်ရန်လိုအပ်သည့်နေရာများအား လိုအပ်သည့် ပစ္စည်းများဝယ်ယူ၍ လျှပ်စစ်ဝန်ထမ်းများဖြင့်ပြုပြင်ဆောင်ရွက်ရန် ညှိ့နှိုင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်လျှပ်စစ်မှူးရုံးမှ ဝန်ထမ်းများက စျေးသူစျေးသားများအား လျှပ်စစ်သုံးစွဲရာတွင် ကောင်းမွန်သောဝါယာကြိုးများတပ်ဆင်အသုံးပြုရေး၊ လျှပ်စစ်သုံးစွဲရာတွင် စနစ်တကျ သုံးစွဲနိုင်ရေးတို့ကိုမှာကြားကာ လျှပ်စစ်နှင့်ပတ်သက်၍ နှိုးဆော်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)