ပုသိမ် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ တောင်သူ ဦးမန်းကျော်ခိုင်၏ စိုက်ဧက (၁၂) ဧကတွင် ဆီထွက်သီးနှံ (နေကြာ) စံပြကွက် အပင်ပြုစုခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူဦးမန်းကျော်ခိုင်၏ စိုက်ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41နေကြာ စံပြကွက်တွင် ဘောင်လုံးခြင်း၊ အပင်သားခွဲခြင်း၊ ပုလဲမြေဩဇာနှစ်ဆနှင့် နွားချေးလေးဆရော၍ အပင်အစားကျွေးခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေပေးသွင်းခြင်း၊ ပေါင်းမြက်နှိမ်နှင်းခြင်းနှင့် မြေဩဇာ အချိန်ကိုက်ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိ စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်မည့် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာကွင်းသို့ သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သီးပင်စားပင်များ အချန်မီသီးပွင့်စေရေး၊ သစ်ပင်ပန်းမာန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့်အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူအသိပညာပေးပြသနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့အုပ်စု၊ ကွင်းယားကြီးကျေးရွာသို့ရောက်ရှိ၍ တောင်သူဦးဆန်းဦး၏ စိုက်ဧက (၃) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာမျိုး စိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေပေးသွင်းခြင်း၊ မြေဩဇာအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးကိစ္စရပ်များကိုမှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စုသို့သွားရောက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်း၊ ပဲပုပ်သီးနှံမျာကို တိုးချဲ့စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး နေကြာစံပြစိုက်ခင်းများအား တစ်မြို့နယ်လျင် (၂၀) ဧကဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ဆီဖူလုံမှုရှိစေရေးအတွက် ပူးပေါင်း ဆောင်ရွက်၍ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူကြီးများအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေး၊ မိမိတို့၏ ဒေသဖွံဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အမှာစကားများပြောကြားခဲ့ပြီး တောင်သူဦးသိန်းစိုး၏ စိုက်ဧက (၂) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)