ထားဝယ် ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သပြေချောင်းကျေးရွာတပ်နယ်ပတ်လမ်း (3.821km) ရှိသည့်အနက် ကျန်ရှိနေသော လမ်းအရှည် (2.212km) ကတ္တရာလမ်းပျက်အတွင်း လမ်းအနိမ့်အမြင့် ဖြေညှိခြင်း၊ လိုအပ်သောနေရာများတွင် ကတ္တရာခင်းခြင်းနှင့် ရေပိတ်လွှာလောင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ထားဝယ်မြို့နယ် ကျေးရွာချင်းဆက်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)