ကျွန်းလှ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြေအောက်ရေ၊ ချောင်းရေတင်ပြီး ထိုင်ဝမ်ဖူးစားပြောင်းစိုက်ပျိုးကြရာ ဈေးကောင်းရရှိပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ထိုင်ဝမ်ဖူးစားပြောင်းကို ရာသီအလိုက်စိုက်ပျိုးကြပါတယ်။ ပြောင်းဖူးတစ်ဖူးကို အရင်က ငွေကျပ် ၅၀၀ နဲ့ရောင်းရသော်လည်း အခုအခါ ပြောင်းဖူးတစ်ဖူး သေးရင် ငွေကျပ် ၈၀၀၊ ကြီးရင် ငွေကျပ် ၉၀၀ ရောင်းရပါတယ်။ ထိုင်ဝမ်ဖူးစားပြောင်းက တောင်သူ တွက်ခြေကိုက်သီးနှံဖြစ်ပြီး ပြောင်းရိုးကိုလည်း ကျွဲ၊ နွားစာအဖြစ်အသုံးရတဲ့အတွက် တိုးချဲ့ စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်” ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ နှစ်ရှည်ပင်မျိုးစုံနှင့် အခြားမစားသုံးပင်များ စိုက်ပျိုးကြကြောင်း ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို