ဟုမ္မလင်း ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ စစ်ကိုင်းက ဦးဆောင်ပြီး World Fish မှ နည်းပညာပံ့ပိုးမှုဖြင့် ကြီးမှူးကျင်းပသည့် အခြေခံငါးမွေးမြူရေးနှင့် ငါးအစားစပ်ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြေနီကုန်းရပ်ကွက်၊ ဟန္နမိဘမဲ့ဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ဟုမ္မလင်းမြို့နယ်တွင် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ငါးမွေးမြူတောင်သူများအနေဖြင့် ကြိုးစားလေ့လာမှတ်သားပြီး တက်ရောက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် World Fish မှ ဒုတိယစီမံကိန်းတာဝန်ခံ ဦးအောင်ဇော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြ/ဆရာမများက ငါးမွေးမြူရေးရန် မြေနေရာရွေးချယ်ခြင်း တူးဖော်ခြင်း၊ ငါးရောငါအကြောင်း၊ ငါးအစာဖော်စပ်ရာတွင်ပါဝင်သော အခြေခံကုန်ကြမ်းများအကြောင်း စသည့်အကြောင်းအရာများကို စာတွေ့လက်တွေ့ပို့ချ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ဇန်နဝါရီလ (၂၃)ရက်နေ့မှ(၂၄)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား/သူ (၂၈)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)