ဟုမ္မလင်းမြို့၌ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအက သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟုမ္မလင်း ဇန်နဝါရိ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအက သင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ဟုမ္မလင်းမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွန်​ကြားရေးမှူး၊ ဒေါက်တာဝင်းမြတ်သီက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာသော ဒေသခံတိုင်းသားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဟုမ္မလင်းမြို့နယ်မှ ဒေသခံတိုင်းရင်းသားတို့အား အခြေခံကတ္တီပါဖိနပ်ချုပ်လုပ်နည်း၊ ပန်းအလှထိုးနည်း၊ ရိုးရာကနည်းများစသဖြင့် စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်​​ပြီး၊ သင်တန်းသား/သူ(၄၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၃)ရက်ကြာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွန်​ကြားရေးမှူးဦးစီးမှူး ဒေါက်တာဝင့်မြတ်သီ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/​မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးများ၊ ရှမ်း၊ ချင်း၊ နာဂ စသည့်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)