ငပုတော ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (အ.လ.က) ရွှေမြကွင်း ကျောင်းနှင့်အလင်းတန်းစာကြည့်တိုက်ကော်မတီတို့ပူးပေါင်း၍ စကားရည်လုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက (အ.လ.က )ရွှေမြကွင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နုနုရီက စကားရည်လုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အလင်းတန်းစာကြည့်တိုက်ကော်မတီအတွင်းရေးမှူး ဦးဥာဏ်ထွန်းက အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက်စကားရည်လုပြိုင်ပွဲ စတင်ကျင်းပရာ ကျောင်းသား/ကျောင်းသူ(၆)ဦးမှ စာဖတ်ခြင်းသည် ကျောင်းသူ/သားများအတွက် အကျိုးရှိစေသည်(သို့မဟုတ်)အကျိုးမရှိပါ ခေါင်းစဉ်အလိုက် အဆို၊ အချေ ပြောကြားချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပြိုင်ပွဲယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ ဆရာဦးကိုကိုဦး (အထက်တန်းပြ)က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသစာပေများ၊ မဂ္ဂဇင်းများ၊ ရုပ်ပြပုံပြင်များ၊ ကလေးကဗျာများစသည့် ကလေးများ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုစေပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ အ.လ.က(ရွှေမြကွင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်းနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)