ဆိပ်ဖြူ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၌ ဆောင်ရွက်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ဒေသပြည်သူများအတွက် စားသောက်ကုန်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရန်၊ ထုတ်ကုန်ပစ္စည်းများ၌ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံပါရှိဖြန့်ဖြူးရောင်းချနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နေလင်းက မြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် စားသောက်ကုန်များ ဈေးကွက်အတွင်းသို့ ထုတ်လုပ်တင်ပို့ရောင်းချရာ၌ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစေရန် ထုတ်လုပ်သည့်ထုတ်ကုန်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရန်၊ မိမိတို့ထုတ်လုပ်သည့်ထုတ်ကုန်များ ကုန်ညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က အသေးစားအလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များမိသားစုဝင်ငွေတိုးပွားရေး အသိပညာပေးတို့ကို ဆွေးနွေးပေးသည်။ ထို့နောက် မြို့နယ်ဆီကုန်သည်များအသင်းဥက္ကဋ္ဌက စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ အောင်မြင်စွာထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်လုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သောစားသုံးဆီများကို သတ်မှတ်ရည်ညွှန်း ဈေးများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပေးသည်။ ၎င်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)