ထားဝယ်မြို့တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ် ဇန်နဝါရီ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေများလျှော့ချနိုင်မည့် နည်းလမ်းများနှင့် ရေသယံ ဇာတများထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများအားလည်းကောင်း၊ တောအုပ်ကြီး ဦးခင်မောင်ဆန်းက သစ်တောများမှပေးသော အကျိုးကျေးဇူးများ၊ သစ်တောများထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်းနည်းစနစ်များအားလည်းကောင်း အသိပညာပေး ဟောပြောသည်။

ထို့နောက် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများ က ပြန်လည်ဖြေကြားပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)