မြောင်းမြ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမနော်သတ်မီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်လင်းပြောကြားခဲ့ပြီး "စာဖတ်ခြင်း၏အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ အ.ထ.က(၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော Grade - 11 မှ မောင်သက်ဖြိုးနိုင်နှင့်ဘမချစ်သဲဦးတို့မှ "လူငယ်နှင့်မူးယစ်ဆေး"၊ မောင်တည်ရှင်းသန့်နှင့် မောင်သုတကိုကိုတို့က "လူငယ်နှင့်မိုဘိုင်းဖုန်း" စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က ဖြည့်စွက်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲများအပြီးတွင် မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က "လူငယ်နှင့်အားကစား" အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် အသိပညာပေး Talk Show ပွဲများ၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)