ထားဝယ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် ဇန်နဝါရီ ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွန်း၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အခမ်းအနားတွင် ကျောင်းသား/ သူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က အဖွင့်အမှာစကားပြောကြားကာ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင့်က စုံညီပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌက ကျောင်း၏အထွေထွေကိစ္စရပ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိသူများအားလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) တွင် ဆုရရှိသူများအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဗဟိုအဆင့် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဉာဏထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ကျောင်းသား/ သူများက တပင်တိုင်အက၊ တေးသရုပ်ဖော်၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက ဉာဏဆု၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် A အဆင့်ရရှိသော ကျောင်းသား/ သူများအားလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အကောင်းဆုံးအတန်းဆု၊ အကောင်းဆုံးအသင်းဆုအားလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကြက်ခြေနီရှေးဦး သူနာပြုစုခြင်းအခြေခံသင်တန်းတွင် ဆုရရှိသူများအားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျောင်းသား/သူများက “ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားကို သီဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)