မြိတ်မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ် ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးနှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပလျက်ရှိသော မြိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အထက(၁)အသင်းနှင့် အထက(၈)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် အ.ထ.က(၁)အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အသင်းအား မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသော အ.ထ.က(၄)အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူး အာကာအောင်ကလည်း ကောင်း ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသောအသင်းအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးကက ငွေသားဆုကိုလည်းကောင်း၊  ပထမဆုရရှိသော အ.ထ.က(၁)အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က ပေးအပ်ချီးမြှင့်သည်။

အဆိုပါပြိုင်ပွဲများတွင် အမျိုးသမီးပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်း(၆)သင်း ပြိုင်ပွဲဝင် အားကစားသမား (၁၀၈) ဦး၊ အမျိုးသားပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ပြိုင်ပွဲဝင်အားကစားသမား(၁၉၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲကို ဇန်နဝါရီ(၁၅)ရက်မှ(၂၃)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)