အုတ်တွင်း ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက လူကုန်ကူးခံရခြင်းကြောင့်ရရှိသော ဆိုးကျိုး၊ လူကုန်ကူးသူများအသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးမှုများ ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများစသည့် အကြောင်းအရာများအား မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့ကဖတ်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)