ပေါင်းတည် ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲနှင့် ဘက်စုံဆုချီးမြှင့်ပွဲများကို စည်ကားသိုက်မြှိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက စျေး(၂)ရပ်ကွက်ရှိ ၁၁ လမ်း အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲနှင့် ဘက်စုံဆုချီးမြှင့်ပွဲကို စုံညီခမ်းနားစွာ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို မူလတန်းကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းကို သံပြိုင်သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားရာ တစ်နှစ်တာအတွင်း ဆရာမိဘ ကျောင်းသားသုံးနားညီဟန်ချက်ညီ ကြိုးပမ်းဆောင်ရွက်မှုများ၊ ဘက်စုံအောင်မြင်မှုတိုးတက်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းတို့ကို ပြောကြားသည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် စုပေါင်းသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)