ထားဝယ် ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရသူများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လယ်ယာမြေအရေး ကိစ္စရပ်များတွင် လိုအပ်ချက်များအပေါ် မူတည်ပြီး သိမ်းဆည်းထားမှု၌ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများရှိကြောင်း၊ သိမ်းဆည်းထားမှုနေရာများတွင် အမျိုးမျိုးရှိပြီး တစ်ချို့ပြန်လည်တောင်းခံမှုများရှိကြောင်း၊ မြေယာအရေးကိစ္စများတွင် သေချာစွာစနစ်တကျဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် စိစစ်ရမည့်သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီးဥပဒေနှင့်အညီ ထပ်မံစိစစ်ကာ အတည်ပြုချက်ရယူ၍ ကောင်းမွန်သောအကြံဉာဏ်များဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ မြေယာအရေးကိစ္စရပ်များသည် ရှုပ်ထွေးသောကြောင့် ပြဿနာများ ဖြေရှင်းဆောင်ရွက်သည့်အခါတွင် အထောက် အထားခိုင်မာစွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသော ကော်မတီများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် သေချာစွာ ဖြေရှင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများနှင့်ပတ်သက်၍ တင်ပြတိုင်ကြားလာမှုအပေါ် စိစစ်ဆောင်ရွက်မည့်စီမံချက်များ၊ အမှုတွဲများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)