ညောင်တုန်းမြို့၌ အမှတ်တံဆပ်ပါ ဘူးသွပ်ဆီများတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်အမှတ်ပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မအူပင် ဇန်နဝါရီ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ အမှတ်တံဆိပ်ပါ ဘူးသွပ်ဆီများတွင် သက်ဆိုင်ရာဌာန၏ထောက်ခံချက်အမှတ် ပါဝင်မှုရှိ/မရှိ မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ယနေ့နံနက်(၁၀)နာရီက ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုအား ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကိုလှဦးကုန်စုံဆိုင်၊ စန်းစန်းဝင်းကုန်စုံဆိုင်၊ အမှတ်(၄)ရပ်ကွက်ရှိ ဒေါ်ကျင်မြကုန်စုံဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ လှဌေးကုန်စုံဆိုင်၊ ယမင်းရွှေဇင်ကုန်မျိုးစုံဆိုင်များ၌ ရောင်းချနေသော အမှတ်တံဆိပ်ပါ ဘူးသွပ်ဆီ အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေး ရောင်းချကြရန်၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်း ရှောင်ကြဉ်ရန်၊ FDA ဌာန၏ထိန်းချုပ်စားသောက်ကုန် ၂ မျိုးဖြစ်သော ရေနှင့်၊ ဆီတွင်ထောက်ခံချက်အမှတ်ပါဝင်သော ကုန်စည်များကိုသာ ရောင်းချရန်၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသည့်အခါ အမှတ်တံဆိပ်ပါ ဘူးဆီများတွင် သက်ဆိုင်ရာ ဌာန၏ထောက်ခံချက်အမှတ် မပါဝင်ပါက အရေးယူဆောင်ရွက်၍ ကုန်စည်များသိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့‌ကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)