တောင်တွင်းကြီး ဇန်နဝါရီ ၂၃
ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်တတ်စေရန်၊ စာပေလေ့လာ ဖတ်ရှုမှုအားကောင်းလာစေရန်နှင့် မိမိတို့၏ အတွေးအမြင်ဗဟုသုတများကို မျှဝေဆွေးနွေး ဖလှယ်တတ်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် အခြေခံပညာဦးစီးဌာနမှ လက်ထောက်မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးအောင်ထွန်းကြိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း)မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲပြီး အဆိုပါ စကားဝိုင်းသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)