စစ်ကိုင်းမြို့တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ ပညာရေးစုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားကာ စစ်ကိုင်းမြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူရည်ချွန်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်၊ နိုင်ငံတကာ စာတတ် မြောက်ရေးနေ့အထိမ်းအမှတ်၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)