ဘားအံ ဇန်နဝါရီ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရာတွင် ပါဝင်ခဲ့သော ကရင်ပြည်နယ်မှ ဆရာတော်ကြီးနှစ်ပါးအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့က သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ကို ဆက်ကပ်ချီးမြှင့်အပ်နှင်းသည်။
ဂုဏ်ထူးဆောင်ဘွဲ့ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားသို့ မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက် ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တဉာဏိက၊ လမင်းပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တကေသရိန္ဒ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာတော်ကြီးများ၏ တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေး စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်တော်မူခဲ့သည့် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်မှ ချီးမြှင့်သည့် သီရိပျံချီဂုဏ်ထူးဆောင်ဘွဲ့ရရှိသော မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တဉာဏိကနှင့် လမင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကေသရိန္ဒတို့အား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများက ဆရာတော်ကြီးနှစ်ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးနှစ်ပါးနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ပြန်လည်ကြွချီတော်မူသော ဆရာတော်ကြီးနှစ်ပါးအား ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)