ကျွန်းစု ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး(BOPV)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး(IPV)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး(MR)၊ ငါးမျိုးစပ်ကာကွယ်ဆေး(Penta)၊ ဂျပန်ဦးနှောက်ရောင်ရောဂါ(JE)တို့ကို အဆိုပါ ရပ်ကွက်အတွင်းရှိ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက်မှ ကာကွယ်ဆေးလုံးဝမရရှိသေးသော ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသည့် ကလေးငယ် (၁၁)ဦးအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဇန်နဝါရီ ၂၂ ရက်နေ့က မြို့ပေါ်အမှတ်(၂)ရပ်ကွက်၌ ကာကွယ်ဆေး အကြိမ်ပြည့်မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ် ၂၅ ဦးအား Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)