ကော့သောင်း ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ကော့သောင်းခရိုင်၊ (၁၀)မိုင်စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကညွတ်စိုက်ပျိုးခြင်းနည်းပညာပေးသင်တန်းနှင့် နေကြာသီးနှံကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကော့သောင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦး သန့်ဇင်၊ မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ (၇)မိုင်ကျေးရွာ၊ ဆယ်မိုင်ကျေးရွာ၊ ဘန်းကချွန်နှင့် မလိဝမ်းကျေးရွာမှ ရပ်မိရပ်ဖအကျိုးဆောင်တောင်သူများ၊ ကော့သောင်းမြို့ အမှတ်(၂) စိုက်ပျိုး၊ မွေးမြူရေးတွဲဖက်အထက်တန်းကျောင်းမှ စိုက်ပျိုး/မွေးမြူရေးဘာသာရပ် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံ ဦးစီးမှူး ဒေါ်ရီရီစိန်က သင်တန်းနှင့်ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ (၁၀)မိုင်ကျေးရွာ အကျိုးဆောင်တောင်သူ ဦးဇော်မင်းထိုက်က သင်တန်းနှင့် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံ ဦးစီးမှူး ဒေါ်ရီရီစိန်က ကညွတ်စိုက်ပျိုးခြင်းနည်းပညာပေးသင်တန်းပို့ချခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးတောင်သူများက ကညွတ်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းရာ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံ ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ပြီး နေကြာသီးနှံသရုပ်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန ကော့သောင်းခရိုင်၊ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကညွတ်သီးနှံအနေဖြင့် ဒေသတွင်း ဟင်းသီးဟင်းရွက်များ ဖူလုံပိုလျှံအောင် စိုက်ပျိုးထုတ်လုပ်လာနိုင်စေရန်၊ တစ်ဖက်ပြည်ပနိုင်ငံ ထိုင်းနိုင်ငံမှ ဟင်းသီးဟင်းရွက်များ တင်သွင်းပြီး စားသောက်နေရသည့်အတွက် နိုင်ငံခြားငွေ ယိုဖိတ်စီးဆင်းမှုကို ကာကွယ်ပေးနိုင်စေရန်၊ ကညွတ်သီးနှံ၏ အလေ့အထနှင့် ပြုစုထိန်းသိမ်းရသော စိုက်ပျိုးနည်းစနစ်များကို ဒေသခံတောင်သူများ သိရှိလာနိုင်စေရန်လည်းကောင်း၊ နေကြာသီးနှံအနေဖြင့် လက်ရှိနိုင်ငံတော်တွင် စားသုံးဆီဖူလုံစေရန် နေကြာသီးနှံ ဧရိယာ တိုးချဲ့စိုက်ပျိုးနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုး၍ရနိုင်သော နေရာဒေသ ရေ မြေ ရာသီဥတုနှင့် ကိုက်ညီသော ဒေသများတွင် စိုက်နည်းစနစ်များဖြင့် သေချာစွာ စိုက်ပျိုးပြီး နေကြာအထွက်နှုန်း ပန်းတိုင်ရရှိစေရန်၊ ဒေသခံတောင်သူများ၏ နေကြာစိုက်ပျိုးခြင်းနည်းပညာနှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်ကာ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လာနိုင်စေရန်၊ ဒေသနေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ အမြဲတမ်းထိတွေ့ ရင်းနှီးဆက်ဆံမှုများရရှိစေရန်၊ စသော ရည်ရွယ်ချက်များအပြင် (၁ဝ) မိုင် ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားသော နေကြာ၊ ပြောင်းချို၊ ရုံးပတီ၊ ဘူး၊ ကန်စွန်း၊ ချဉ်ပေါင်၊ မုန်လာ၊ ဆူးပုပ်၊ ကင်ပွန်းချဉ်၊ ကြက်သွန်နီ၊ လိမ္မော်၊ ကော်ဖီ၊ ပိန္နဲ၊ ကြက်မောက်၊ မာလကာ၊ ဒူးရင်း၊ မေမြို့ပန်း၊ ဖီးကြမ်းငှက်ပျောစသော သီးနှံများကို တောင်သူများ လေ့လာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)