သရက်ချောင်း ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားအား သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်များရဲ့ လူရည်မွန်” သီချင်းသီဆို၍ အခမ်းအနား
ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်က အခမ်းအနားသို့ တက်ရောက်လာသူများအား အမှာစကားပြောကြားပြီးနောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသောဦးတည်ချက် (၉)ရပ်မှ လူမူရေးဦးတည်ချက်တွင်ပါဝင်သော နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ပညာရေးစုံညီပွဲတော်ကို ကျင်းပပေးရတဲ့
ရည်ရွယ်ချက်တွေကတော့ အခြေခံပညာကဏ္ဍမှာ ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်တဲ့ ဘက်စုံထူးချွန်သည့်လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်အတွက်ပဲဖြစ်တာကြောင့် ယခုအချိန်ကာလဟာ ပညာရေးစုံညီပွဲတော်တွေကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်ဆိုပြီး ကျင်းပနေတဲ့ကာလပဲဖြစ်ပါ ကြောင်း၊ ၁၉၉၈-၉၉ ပညာသင်နှစ်ကစပြီး ပညာရေးပြက္ခဒိန်မှာ ကျောင်းသား၊ ကျောင်းသူများရဲ့ စွမ်းဆောင်မှုတွေကို ထုတ်ဖော်ဂုဏ်ပြုနိုင်ဖို့အတွက် ပါရည်ရွယ်ပြီး နှစ်စဉ် ဇန်နဝါရီ ၃ ရက်ကို ပညာရေးစုံညီပွဲတော်နေ့အဖြစ် သတ်မှတ်ခဲ့သလို ဆုချီးမြှင့်ပွဲ၊ စွမ်းရည်ပြပွဲနဲ့ ပျော်ပွဲရွှင်ပွဲများကို တစ်နိုင်ငံလုံးမှာကျင်းပဆောင်ရွက်ခဲ့ကြကြောင်း၊ ဆရာ၊ ဆရာမများအနေနဲ့ ကျောင်းသားလူငယ်များကို ကျောင်းသင်ဘာသာရပ်အပြင် လူတော်လူကောင်းတစ်ယောက်အနေနဲ့ ဘဝမှာကြုံတွေ့ရမည့်ပြောဆိုဆက်သွယ်မှု၊ စီမံခန့်ခွဲမှု၊ လူမှုရေးတာဝန် သိတတ်ကျေပွန်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ပြဿနာဖြေရှင်းတတ်မှု၊ မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်မှုများကို ကျောင်းတွင်း လုပ်ငန်းများနဲ့အတူတစ်ပါတည်း လေ့ကျင့်သင်ကြားပေးကြရလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း အနာဂတ်မှာနိုင်ငံ့သားကောင်းများ၊ ပညာရှင်များ၊ ခေါင်းဆောင်ကောင်းများဖြစ်လာကြဖို့ ကြိုးစားအားထုတ်လေ့လာဆည်းပူးသွားကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်စန်းမွှေးက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် တာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်တပ်နယ်မှူး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် ဆရာ/ဆရာမများ၊ ရပ်မိ/ရပ်ဖတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် ဗဟိုအဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုများအသီးသီးရရှိသော မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ဂုဏ်ပြုဒိုင်းဆု၊ မှတ်တမ်းလွှာများနှင့် ဆုငွေများချီးမြှင့်ခြင်း၊ အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက အနုပညာစွမ်းရည်များဖြင့် ဧည့်ခံဖျော်ဖြေကြရာ တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဝင် ကျောင်းသား/သူများက “စုံညီပွဲတော်တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)