ပေါင်းတည်၌ စီမံကိန်းဝင် ဆီထွက်သီးနှံဆောင်းနေကြာ (၁၅၉၈) ဧက စိုက်ပျိုးထားရှိမှု ဖြစ်ထွန်းအောင်မြင်

ပေါင်းတည် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းဝင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရာ၌ ၁၅၉၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။

ယခုနှစ် ဆောင်းရာသီ၌ နေကြာစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့က အထွက်နှုန်းတိုးတက်ရေး၊ အရည်အသွေးကောင်းစွာ ထွက်ရှိရေးတို့အတွက် မျိုးကောင်း၊ မျိုးသန့် မျိုးစေ့များ ပံ့ပိုးကူညီပေးခဲ့ကာ၊ စိုက်နည်းစနစ်များ မှန်ကန်ရေးနှင့် သွင်းအားစုပစ္စည်းများ စနစ်တကျ သုံးစွဲတတ်စေရေး အသိပညာပေးခြင်းနှင့် အခြားစိုက်ပျိုးရေးဆိုင်ရာ အခက်အခဲကိစ္စရပ်များကိုလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့နှင့် တောင်သူတို့ ပူးပေါင်း၍ နေကြာပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် တင်းငါးဆယ်နှုန်း ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်နေမှုကြောင့် နေကြာစိုက်ခင်းများ ရာနှုန်းပြည့်နီးပါး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ယခုဆောင်းရာသီ၌ နေကြာ ၁၅၉၈ ဧက အပါအဝင် ​နှမ်း ၁၀၃၉၆ ဧက၊ မြေပဲ ၇၂၀၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထိုဆီထွက်သီးနှံများကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက နိုင်ငံအတွင်း ဆီဖူလုံနိုင်ပြီး ပြည်ပမှ ဆီတင်သွင်း ဝယ်ယူနေရခြင်းများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ ရောင်းချ၍ တောင်သူများလည်း ဝင်ငွေတိုးကာ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသမရွေး ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တောင်သူများနှင့်ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့များအား တွေ့ဆုံလမ်းညွှန်မှာကြားထားခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)