မြဝတီမြို့ အမှတ် (၁) ရပ်ကွက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မြဝတီ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းက အမှတ် (၁) ရပ်ကွက်၊ လမ်းမကြီးများနှင့် လမ်းသွယ်လူစည်ကားရာနေရာတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့နှိုး‌ဆော်ခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ဟိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ယခုအခါပွင့်လင်းရာသီကာလ ရောက်ရှိပြီးဖြစ်၍  မီးဘေးအန္တရာယ် ကြိုတင်သတိပြုကြစေလိုကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအနေဖြင့်  အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ ရေပုံး၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်များအဆင့်သင့်ထားရှိရန် လိုကြောင်း၊ လျှပ်စစ်မီး/ ဆိုလာဘတ္ထရီသုံးစွဲရာတွင် လျှပ်စစ်ဝါယာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားနိုင်သောကြောင့် စစ်ဆေးမှုများ ပြုလုပ်ထားသင့်ကြောင်း၊ ရပ်ကွက်အတွင်း မီးလောင်လွယ်စေသော လောင်စာဆီများ သိုလှောင်ခြင်း မပြုကြစေလိုကြောင်း၊ ထင်း/ မီးသွေးများ သုံးစွဲရာတွင် မီးကြွင်း၊ မီးကျန်များမှတစ်ဆင့် မီးကူးစက်၍ မီးလောင်မှုများဖြစ်ပွားနိုင်သောကြောင့် ပြည်သူတစ်ဦး/ တစ်ယောက်ချင်းမှစ၍ သတိပြုကြစေလိုကြောင်းနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)