သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ပြုလုပ်

သံတောင်ကြီး ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့လယ် (၁) နာရီအချိန်က သံတောင်ကြီးမြို့  အ‌ခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးမှ အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်မားရေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို ‌ရှင်းလင်းဆွေးနွေးဟောပြောပေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးထိခိုက်ဆုံးရှုံးခြင်းများအား ရှင်းလင်းဆွေးနွေးပြောကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသူ/ ကျောင်းသားများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နော်နော်မူ